တောက်တဲ့သည် HIV နှင့် ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားတွေ့ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်
တောက်တဲ့သည် HIV နှင့် ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသည်ဆိုသည့်
အထောက်အထားတွေ့ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ
ထုတ်ပြန်ကြေငြာသည်။
တောက်တဲ့များသည် HIV နှင့် ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသနိုင်သည်ဆိုသည်မှာ လှည့်ဖျားမှုသာ ဖြစ်ကြောင်း၊ ထိုသတင်းကို လူအချို့က မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် ကောလဟာလထုတ်လွှင့်ကာ တောက်တဲ့ကို ငွေ အမြောက်အမြားပေး၍ ၀ယ်ယူစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ပျောက်ကင်းသွားသည့် အထောက်အထား မတွေ့ရှိရသေးကြောင်း၊ ဤသို့သော ကောလဟာလ ထုတ်လွှင့်ခြင်းသည် ကောင်းသော လုပ်ဆောင်ချက်မဟုတ်ကြောင်း၊ တောက်တဲ့ကို ထိတွေ့ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သုတေသနပြုထားသည့် သတင်း အချက်အလက်များလည်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က၎င်း၏ facebook page တွင် ထုတ်ပြန်ထားသည်။ အဆိုပါကြေငြာချက်တွင် HIV နှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများအတွက် ဖြေဆိုချက်များကို ဖော်ပြထားသည့် link ကိုပါထည့်သွင်းထားသည်။ ယခုသတင်းကိုလည်း လက်ဆင့်ကမ်းကြရန် နှိုးဆော်ထားသည်။
မူရင်း ကြေငြာချက်ကို အောက်ပါ link တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/WorldHealthOrganization

တောက်တဲ့များအား အစုအပြုံလိုက် ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်
ရခိုင်ပြည်နယ်အတွင်း တောက်တဲ့များအား အစုအပြုံလိုက်
ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်ကြောင်းနှင့် သဘာဝအလျောက်
ပေါက်ဖွားကြီးပြင်းသော တောက်တဲ့များအား ဖမ်းဆီးခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ
ပျက်စီးမှုနှင့်ဆက်နွှယ်မှု ရှိမရှိကို လေ့လာသင့်ကြောင်း ဒေသခံများက
သုံးသပ်ပြောကြားသည်။
လက်ရှိ အနေအထားတွင် နေရာ ဒေသလိုက်ပြီး ဈေးနှုန်းကွာခြားခြင်းများ ရှိသည့်တိုင် ရောင်းချမှုများ၊ ၀ယ်ယူမှုများ ရှိနေကြောင်း၊ သို့သော်လည်း တောက်တဲ့တစ်ကောင်လျှင် ကျပ်သိန်းသုံးလေးဆယ် ပေးမည်ဟူသော
မက်လုံးများသည် တောက်တဲ့ များ အစုအပြုံလိုက် သေဆုံးစေသော အကြောင်းအရာများ ဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
''ရောင်းတန်းဝင်တောက်တဲ့ ဆိုတာက နှစ်ဆယ်သား၊ အစိတ်သား အလေးချိန်ရှိတဲ့ အကောင်ကြီးတွေပါ။ ဒါပေမယ့် အခုက တောက်တဲ့လို့ အသံကြားလိုက်တာနဲ့ ဖမ်းလာကြတယ်။ ဘယ်မှာ ရောင်းမလဲဆိုတာ မသိဘူး။
ဘယ်မှာဝယ်တယ်ဆိုတာ မသိဘူး။ ကြာလာတော့ တချို့တောက်တဲ့တွေဟာ သေဆုံးသွားကြတာတွေ ရှိတယ်။ ဒါဟာ တောက်တဲ့မျိုး ပြုန်းစေနိုင်တဲ့ လုပ်ရပ်မို့ တားဆီးဖို့ လိုပြီလို့ ထင်ပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာချက်တွေကိုလည်း ထည့်တွက်ပြုလုပ်သင့်ပါတယ်''ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
တောက်တဲ့များကို ရောင်းချရာတွင် ငါးကျပ်သားအရွယ်မှ စတင် ပြီး ရောင်းချကြလေ့ ရှိသော်လည်း ယင်းသို့ အကောင်သေးများကို ၀ယ်ယူသူ လွန်စွာရှားပါးကြောင်း၊ ရောင်း၍ မရနိုင်သော တောက်တဲ့များအား ပြန်လည်
လွှတ်သင့်ကြောင်း ဒေသခံများ က သုံးသပ်ပါသည်။ တောက်တဲ့များကို တန်ဖိုးကြီး ဇီဝဆေးတစ်မျိုး ဖော်စပ်ရာတွင် အသုံးပြုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိက ၀ယ်ယူလျက် ရှိကြောင်း သိရှိရသည်။
''အဓိကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ရောင်းချတာပါ။ ဒါပေမယ့် ရောင်းတန်းဝင် အရွယ်အစားက တောက်တဲ့ အကောင်တစ်ထောင်မှာ တစ်ကောင်တောင် တွေ့ရဖို့ မလွယ်ဘူး။ အခုဆို တောက်တဲ့တွေကို လွယ်လင့်တကူ မရတော့ဘူး။တောက်တဲ့ အသေးတွေကို ဖမ်းဆီးရောင်းချတာကို သတိပေး တားမြစ်သင့်ပါတယ်''ဟု ပေါက်တောမြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများနှင့် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် တောက်တဲ့များကို ဈေးကောင်းပေးကာ စုဆောင်း ၀ယ်ယူမှု ရှိနေ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ရှိ
ကျေးရွာများနှင့် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင်
တောက်တဲ့များကို ဈေးကောင်းပေးကာ စုဆောင်း ၀ယ်ယူမှု ရှိနေကြောင်း
ဒေသခံများမှ သိရှိရသည်။
''ရွာမှာတောက်တဲ့တွေ လိုက်ဝယ်ပြီး တရုတ်၊ ထိုင်း၊ မလေးကို ပို့နေတဲ့သူ ရှိပါတယ်။ ကျပ် နှစ်ဆယ်သားလောက်ရှိ တောက်တဲ့ ဆိုရင် ကျပ် ၁၀သိန်းလောက် ဈေးပေးပြီး လေးဆယ်သားအထက်ကျော်ရင် သိန်းနှစ်ရာလောက်ထိ ပေးမယ်လို့ ဆိုပါတယ်။ ရွာမှာက အရင်က တောက်တဲ့ ဆိုရင် သူ့ရဲ့မစင်က အဆိပ်ဆိုတော့ တွေ့ရင် သတ်ပစ်လိုက်တာ များတယ်။ အခုဆိုရင် တောက်တဲ့ တွေ့ရင် ၀ယ်သူကို ခေါ်လိုက်ကြတယ်။ ကိုယ်တိုင် ဖမ်းပေးရင်လည်း ရတယ်၊သူ့ဟာသူဖမ်းရင် ဖမ်းခ နှုတ်ပြီး ငွေပေးပါတယ်။ တရုတ်ဘက်က အရှင်ပဲ ယူပြီး ထိုင်း၊ မလေးကျတော့ အသေလည်း ယူတယ်လို့ ဆိုပါတယ်၊ တောက်တဲ့ အလေးချိန်ကိုတော့ နေရှင်နယ် သံဓာတ်ခဲနဲ့ပဲ ချိန်ပါတယ်။သူ့အတွက် ပိုယူထားပါတယ်၊ သူက ရန်ကုန်ကိုသယ်ရင် အလေးချိန်လျော့ပြီး ငွေရနည်းတာမျိုး ဖြစ်မှာစိုးလို့ ထင်တယ်။ ဒီမှာတောက်တဲ့ကို ဘာမှအသုံးမပြုနိုင်တော့ ခုလို ငွေပေါ်လာဝယ်သူကို ရောင်းနေတော့ တောက်တဲ့တောင် အတော် နည်းကုန်ပြီ''ဟု ဘီလူးကျွန်း သံလွင်မြစ်ကမ်းရွာ နေသူတစ်ဦးက ပြောသည်။
အလားတူ ပေါင်မြို့နယ် မုတ္တမတွင်လည်း ဘုရားဟောင်း၊ ကျောင်းဟောင်း၊ ဇရပ်အိုများရှိ တောက်တဲ့များကို ဖမ်းယူ ရောင်းချမှု ရှိနေကြောင်း သိရှိရပါသည်။တောက်တဲ့၏ အမြီး၊ ဦးခေါင်း တို့မှ အဆီထုတ်ကာ အိပ်ခ်ျအိုင်ဗွီ၊ ကင်ဆာရောဂါ ကုထုံးများတွင် သုံးစွဲလျက် ရှိသောကြောင့် ယခုကဲ့သို့ ဈေးကောင်းပေး ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ တောက်တဲ့ရောင်းဝယ် သယ်ဆောင်မှုနှင့် ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေ၊ စည်းကမ်းများ ရှိပါက အများပြည်သူ သိရှိနိုင်ရန် ပညာရှင်များ အနေဖြင့် ဖော်ထုတ် တင်ပြသင့်ကြောင်း၊ တောက်တဲ့ရောင်းဝယ်မှုများ ကာလအတော်အတန်ကြာ ဖြစ်ပေါ်နေသည့် အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွက် အန္တရာယ်ရှိမည် ဆိုပါက ကြိုတင် တားဆီးမှုများကို သိသာ ထင်ရှားစွာ အသိပေးသင့်ကြောင်း လေ့လာသူတစ်ဦးက ပြောပါသည်။

တောက်တဲ့မျိုးသုဉ်းမည့်အန္တရာယ်
တောက်တဲ့လျာနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းသည် အိတ်ခ်ျအိုင်ဗွီကို ကုသနိုင်သည်ဟု အမွှမ်းတင် ရေးသားပြောဆိုမှုများကြောင့် တောက်တဲ့ကို စားသုံးမှု သိသိသာသာ မြင့်တက်စေခဲ့ကြောင်း Traffic Southeast Asia (TSA) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရောဂါပျောက်သည်ဆိုသော ပြောဆိုမှုများသည် ချဲ့ကားထားသော လှိမ့်လုံးများဖြစ်ကြောင်း (TSA)က ပြောကြားခဲ့သည်။ အိတ်ခ်ျအိုင်ဗွီနှင့် ပန်းသေမှုအား တောက်တဲ့သုံး၍ ကုသခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေကြောင်း ဖိလစ်ပိုင်အစိုးရက ဇူလိုင်လတွင် သတိပေးခဲ့သည်။ ဆီးချို၊ ပန်းနာရောဂါ ၊ အရေပြားရောဂါနှင့် ကင်ဆာတို့ကဲ့သို့ ရောဂါများအတွက် တောက်တဲ့ကို တိုင်းရင်းဆေးအဖြစ် အာရှတွင် သုံးစွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။
တောက်တဲ့အသေများကို အခြောက်ခံကာ အမှုန့်လုပ်၍ စားသုံးကြသည်။ အချို့အာရှနိုင်ငံများတွင် စွမ်းအားမြှင့်တင်ရေးအတွက် တောက်တဲ့ကို ၀ိုင်နှင့် ၀ီစကီလုပ်ကာ သောက်သုံးကြသည်။ အာရှတွင် တောက်တဲ့ ကုန်သွယ်မှု၌ မလေးရှားသည် ဗဟိုချက်ဖြစ်လာနေသည်။ ကမ္ဘောဒီးယား၌ တောက်တဲ့ ၁၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ရာ မလေးရှားသို့ တင်ပို့မည်ဟု ယုံကြည်ရသည်။
No comments:
Post a Comment